ဆီချက်ခေါက်ဆွဲ ချက်နည်း နိဿရည်း ...
ပြီးခဲ့တဲ့ ပို့စ်မှာ ဆီချက်ခေါက်ဆွဲနဲ့ ဒန်ပေါက်ကို အားပေးကြတဲ့ သူတွေများလို့ ဆီချက်ခေါက်ဆွဲချက်နည်းလေး ရေးပေးလိုက်ပါသည်။ ဒန်ပေါက်ကတော့ နောက်တစ်ခါချက်ဖြစ်ရင် အတိုင်းအတာတွေ သေချာမှတ်ပြီး ဓာတ်ပုံရိုက်ပြီးမှ တင်ပေးပါမည်။
ဆီချက်ခေါက်ဆွဲဆိုတော့ အရင်ကချက်တာ ၀က်သားကို နူးနေအောင် ပြုတ်လိုက်တော့ လှီးလိုက်ရင် ၀က်သားတွေက အသားတွေ ဖွာထွက်ကုန်တယ်။ ခုတော့ ဟိုတစ်လောက ထမင်းကြော်ကို တရုတ်ဆိုင်ကြော်လေးအတိုင်းဖြစ်အောင် ကြော်စားရင်းနဲ့ အကြံရသွားတာ။ ထမင်းကြော်မှာထည့်တဲ့ ၀က်သားကလဲ အိပေမဲ့ ကျစ်ကျစ်လေး၊ ဖွာမနေဘူး။ နောက်မှသိရတာ သူတို့က ၀က်သားကို မပြုတ်ပဲ တရုတ်လို ချာစူး (char siu) လို့ခေါ်တဲ့ ၀က်သားကို ကင်ပြီးမှ ထည့်တာကိုး။ ခု ဆီချက်ခေါက်ဆွဲထဲ ထည့်တဲ့ ၀က်သားကိုလဲ မပြုတ်ပဲ အိမ်မှာရှိတဲ့ convection oven လေးနဲ့ကင်ပြီးမှ လုပ်ကြည့်တာ ဆိုင်က ဆီချက်အတိုင်း တစ်ပုံစံထဲရပါသဗျာ။
convection oven ဆိုတာ အောက်ကလို ပုံစံလေး။ အိမ်မှာ oven အကြီးရှိပေမဲ့ ဒါလေးက သုံးရလဲလွယ် မြန်လဲ မြန်လို့ ပိုသုံးဖြစ်တယ်။ စလုံးက အိမ်ရှင်မတွေ အိမ်မှာ ကြက်သားတွေ ဘာတွေ ကင်စားချင်တယ်ဆို အဲဒါလေး ၀ယ်ထားပါလို့ အကြံပေးချင်ပါတယ်။ သုံးရတာ အရမ်းလွယ်တယ်။ ဈေးလဲ ပေါပါတယ်။ ဟိုတစ်လောက Aldi မှာတွေ့ခဲ့တာ အော်ဇီ ဖွတ်ကလိဒင်္ဂါး ၂၅-၃၀ လောက်ပဲရှိတာ။ အိမ်ကမီးဖိုကတော့ အော်ဇီ ရောက်စ အိမ်တက်လုပ်တုံးက သူငယ်ချင်းတွေ လက်ဆောင်ပေးထားတာပါ ခင်ညာ။ အဲဒီတုံးက ဈေးတော်တော်ကြီးမယ်ထင်နေတာ။ စစချင်း သုံးတောင်မသုံးတတ်ဘူး။ ၆လလောက်နေမှ စသုံးဖြစ်တာ။ သုံးပြီးတော့လဲ ကြိုက်လွန်းလို့ ခဏခဏ သုံးဖြစ်နေရောပဲ။

ဆီချက်ခေါက်ဆွဲအတွက် လိုတဲ့ ပစ္စည်းတွေက ( လူ ၃-၄ယောက်စာခန့်)
ဝက်သား ၄၀၀ ဂရမ်ခန့်
ဝက်ရိုး / ကြက်ရိုး ၅၀၀ ဂရမ်ခန့် (ကြက်ရိုးက ၀က်ရိုးထက် ပိုချိုတယ်၊ အန်တီဆွိကတော့ ၂ခုလုံးရောပြုတ်တယ်)
ကြက်သွန်ဖြူ ဆီချက်
ပဲငံပြာရည် အကြည်ရည်
ငရုပ်ကောင်းမှုန့် (white pepper)
ဂျင်းကြက်သွန်ဖြူ
ကြက်သွန်မြိတ်
သကြား၊ ဆား၊ ကြက်သားမှုန့်
သကြား၊ ဆား၊ ကြက်သားမှုန့်
အချဉ်အတွက်
သခွါးသီး တစ်လုံး
ကြက်သွန်နီတစ်လုံး
ငရုပ်ဆီ
မန်ကျည်းမှည့်ရည် (သို့) သံပုရာသီး ။ သံပုယိုသီး
လူ ၃-၄ ယောက်စာလောက်ဆို ၀က်သား အသားများများအပိုင်း ၄၀၀ ဂရမ်လောက်ကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ကြက်သားမှုန့်၊ ငရုပ်ကောင်းတွေနဲ့ သုတ်နယ်ပြီး ဆားပြားဝင်အောင် ရေခဲသေတ္တာ အောက်ခန်းထဲ တစ်ရက်လောက် ဒီတိုင်းပစ်ထားလိုက်။ ပြီးမှ စောနက convection oven ထဲ သံစကာအမြင့်လေးတင်ပြီး ကင်လိုက်တာပဲ။ အပူချိန် ၂၀၀ ဒီဂရီ စင်တီဂရိတ်လောက် နဲ့ တစ်ဖက်ကို ၄၅မိနစ်၊ နောက်တစ်ဖက်ကို ၂၅မိနစ်လောက် ကင်ပေးရပါတယ်။ မီးဖိုက timer ပါတော့ ပစ်ထားလိုက်ရုံပဲ။ အသံကြားရင် တစ်ဖက်လှန်ပေးလိုက်။ လွယ်မှလွယ်။

ပြီးတော့ အဲဒါကို အေးဆေး တစ်ပတ်လောက်ထားလို့ရပါတယ်။ ထမင်းနဲ့ ကြော်စားရင်စား၊ ဆီချက်ခေါက်ဆွဲချက်ရင်ချက်၊ ထမင်းဖြူလေးနဲ့အနှစ်လေးဆမ်းပြီး ၀က်ခေါက်ကင်လို စားချင်လဲ စားလို့ရသေးတယ်။ ရေခဲသေတ္တာ အောက်ခန်းထဲ ပလပ်စတစ်ဗူးလေးနဲ့ ထည့်ထားလိုက်တာပဲ။ ဆီချက်ခေါက်ဆွဲ ချက်တော့မယ်ဆိုမှ ထုတ်ပြီး သေးသေးလေးတွေ လှီးထားပါတယ်။
လှီးရတာ ကောင်းတယ်။ လုံးဝ ဖွာမထွက်ဘူး။ အသားလဲ အိတယ်။


ကြက်သွန်ဖြူကိုလည်း ဥကြီး ၂ဥခန့် ထောင်းပြီး၊ ဒါမှမဟုတ် blander နဲ့ မွှေပြီး ဆီချက်ချက်ထားပါတယ်။ အန်တီဆွိ အလွယ်ကြိုက်ပုံများ ကြက်သွန်ဖြူဥကြီးတွေကို မနွှာပဲ ဒီတိုင်းထည့်ထောင်းပြီး နောက်မှ အခွံတွေ ဖယ်ထုတ်တာ။ မြန်မှမြန်။ ဟိုးခေတ်တုံးကလို ချွေးမရွေးမယ်ဆိုရင်တော့ အန်တီဆွိ ခုချိန်မှာ အပြိုကြီး င်္ဟီး ..ဟီး
![]() |
(တရုတ်စာဆိုတော့ ကြက်သွန်ဖြူဆီချက်ကို ဆနွင်းမှုန့် လုံးဝမထည့်ပါနဲ့နော်။) |
ဝက်ရိုး၊ ကြက်ရိုးတွေကို ဂျင်းအပြားလိုက် ၃-၄ပြား၊ ကြက်သွန်ဖြူ အလုံးလိုက် မနွှာပဲထည့်ပြုတ်ပြီး သကြား၊ ဆား၊ ငရုပ်ကောင်း၊ ပဲငံပြာရည်၊ ငါးငံပြာရည်တို့နဲ့ ချိုအောင်လုပ်ထားပါတယ်။ ဟင်းချိုတစ်ဝက်ကို အရည်ချည်း သတ်သတ်သောက်ဖို့ စကာနဲ့ စစ်ထားလိုက်ပြီး ခွဲထားပါတယ်။ တစ်ဝက်ကတော့ ခေါက်ဆွဲထည့် ဖျောဖို့ပါ။
![]() |
တစ်အိုးက မိထူးဖို့ ... တစ်အိုးက ကစ်ဆစ်ဖုဖို့ ...း) |

ဆီချက်ခေါက်ဆွဲ လုပ်တဲ့နေရာမှာ သုံးတဲ့ခေါက်ဆွဲကလဲ အရေးကြီးပါတယ်။ အန်တီဆွိကတော့ ပြုတ်တဲ့ ခေါက်ဆွဲပဲသုံးပါတယ်။ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်တွေကတော့ ခေါက်ဆွဲ အစိမ်းနဲ့ ပိုကောင်းပေမဲ့ ဆီချက်ခေါက်ဆွဲကတော့ ပြုတ်တဲ့ ခေါက်ဆွဲ ခြောက်နဲ့ ပိုကောင်းပါတယ်။
အန်တီဆွိသုံးတဲ့ တံဆိပ်ပါ။ ထိုင်ဝမ်ကလာတာ Kan To Noodle တဲ့။ ဒီမှာတော့ တစ်ထုတ် ၂ကျပ်ခွဲလောက်ပဲရှိတယ်။ အဲဒါတစ်ထုတ်ဆို သားအမိ သားအဖ ၃ယောက် တစ်နပ်စာ ကွက်တိပဲ။
အန်တီဆွိသုံးတဲ့ တံဆိပ်ပါ။ ထိုင်ဝမ်ကလာတာ Kan To Noodle တဲ့။ ဒီမှာတော့ တစ်ထုတ် ၂ကျပ်ခွဲလောက်ပဲရှိတယ်။ အဲဒါတစ်ထုတ်ဆို သားအမိ သားအဖ ၃ယောက် တစ်နပ်စာ ကွက်တိပဲ။

အဲဒီလို ခေါက်ဆွဲတွေက ရေစိမ်စရာလုံးဝမလိုပဲ ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်ရတာပါ။ ခေါက်ဆွဲကို အရမ်းအိနေအောင်မပြုတ်ပဲ နဲနဲလေး မာတုံး မီးဖိုကချ၊ ရေစစ်ပြီး ရေအေးများများနဲ့ ဆေးချပါ။ ပြီးရင် ခေါက်ဆွဲတွေ ထွေးပြီး ကပ်မသွားအောင် ဆီချက်လေးတစ်ဇွန်းလောက်ထည့်ပြီး နယ်ထားလိုက်ပါ။ အဲဒါတွေအကုန်လုံး ကြိုလုပ်ထားလို့ရပါတယ်။ အန်တီဆွိဆို အပေါ်ကဟာတွေအကုန်လုံး ညနေ ဦးခြိမ့်ပြန်မှစားမှာကို မနက်ကတည်းက လုပ်ထားတာဂျ။
စားခါနီး ပွဲပြင်ဖို့အတွက် ခေါက်ဆွဲ နှစ်ဖို့ ဟင်းချိုအိုးကို ပွက်နေအောင် အရင် တည်ထားလိုက်ပါတယ်။
စားခါနီး ပွဲပြင်ဖို့အတွက် ခေါက်ဆွဲ နှစ်ဖို့ ဟင်းချိုအိုးကို ပွက်နေအောင် အရင် တည်ထားလိုက်ပါတယ်။
တချိန်တည်း ပွဲပြင်ဖို့ ပန်းကန်တစ်လုံးထဲကို ဟင်းချိုလေး စားပွဲဇွန်း တစ်ဇွန်းလောက်၊ ဆီချက်လေး စားပွဲဇွန်း တစ်ဇွန်းခွဲလောက်၊ ပဲငံပြာရည် အကြည်ရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်၊ ပိုချိုချင်ရင် ကြက်သားမှုန့်လေး အနည်းငယ်ကို ထည့်ပြီး မွှေထားပါ။
ပြီးမှ ဆူပွက်နေတဲ့ ဟင်းချိုရည်ထဲကို ခေါက်ဆွဲ(ပြုတ်ပြီးသား)ကို ဇကာနဲ့ နှစ်ပြီး စိတ်ကြိုက်ခေါက်ဆွဲ အပျော့အမာရပြီဆို စောနက ပွဲပြင်မဲ့ ပန်းကန်ထဲထည့်ပြီး တူလေးနဲ့ အသာ မွှေပေးပါ။ ပြီးရင် အပေါ်က ၀က်သားတုံးလေးတွေရယ်၊ ဆီချက်က ကြက်သွန်ဖြူအကြွပ်လေးတွေရယ်၊ ငရုပ်ကောင်း ကြက်သွန်မြိတ်တွေ ဖြူးပြီး စားနိုင်ပါပြီ။ နှစ်တဲ့ ဟင်းချိုရည်ကိုက ချိုနေတော့ ဆီချက်ခေါက်ဆွဲက တော်တော်ကို အရသာရှိပါတယ်၊ ချိုပါတယ် ခင်ည။

အချဉ်အတွက်ကတော့ သခွါးသီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုပ်ဆီရယ်၊ မန်ကျည်းမှည့်ရည် (သို့) သံပယိုသီး/ သံပုရာသီးလေး ဆမ်းလိုက်တာပဲ။


ဟင်းချိုရည် ခွဲထားတာကိုလည်း ပူအောင် နွှေးလိုက်ပြီး ငရုပ်ကောင်း၊ ကြက်သွန်မြိတ်လေးဖြူးပြီး ဆီချက်ခေါက်ဆွဲနဲ့ စားဖို့ ပြင်လိုက်ပါဦး။
ကဲ သုံးဆောင်နိုင်ပါပြီ။ ဆိုင်က ဆီချက်ခေါက်ဆွဲ အတိုင်းပါပဲ ။


ကဲလုပ်စားကြည့်လိုက်ကြပါအုံးဗျာ.. မိုးညိုသားတော့ အမျိုးသမီးကို ချက်ကျွေးခိုင်းလိုက်အုံးမယ် ခိခိ
ကျေးဇူးတင်တယ်ဆိုရင်တော့ မူရင်းလင့် ကိုသွားလိုက်ပါဗျာ
ဒီပို့လေးကို PDF အနေနဲ့ဒေါင်းချင်တယ်ဆိုရင် အောက်မှာယူလိုက်ပါ
0 comments:
Post a Comment