Pages - Menu

Pages

Sunday, 3 June 2012

နှလုံးနာတယ် ။ နှလုံးပုပ်တယ်....

လူတယောက်ရဲ့ မြတ်နိုးစရာအရာ တွေကို အသည်း နှလုံးနဲ့ တင်စားခေါ်ဝေါ်လေ့ရှိသလို ၊ မုန်းတီး ရွံရှာဘွယ်ရာတွေကိုတော့ အော့နှလုံးနာတယ် ။ အသည်းနာတယ် ဟု ပြောဆို သုံးနှုန်းလေ့ရှိကြပါတယ် ။ အဲဒီ အသည်းတွေ နှလုံးတွေမှာလည်း ခံစားချက်တွေ ရှိကြပါတယ် ။ ခု ပြောချင်တာကတော့ နှလုံးနာရတဲ့ အကြောင်းတွေပါ ။ အော့နှလုံးနာတာတော့မဟုတ် ။ တကယ့် နှလုံးသားလေး နာရခြင်း ပါ ။နှလုံးနဲ့ သွေးကြော ၊ သွေးလှည့်ပတ်ခြင်းစနစ် ဟာ လူတယောက် အသက်ရှင်သန်နေရေးအတွက် မရှိမဖြစ် အရေးကြီး ပါတယ်။ နှလုံးခုန်ရပ်၊ အသက်ရှုရပ် သွားခြင်းကို သေဆုံးခြင်း လို့  သတ်မှတ်ထားကြပါတယ် ။ ဒီတော့  အသက်ရှင်နေဖို့အတွက် နှလုံး မှန်မှန်ခုန်နေဖို့ လိုပါတယ် ။
ဒီလိုအရေးကြီးလှတဲ့ နှလုံးနာခြင်းအကြောင်းကို ရေးပြချင်တာကတော့ လွန်ခဲ့တဲ့ ရက် အနည်းငယ်က ဘလော့ဂါ မိတ်ဆွေတယောက်က အွန်လိုင်းမှာ မေးလာလို့ ပါ ။ နှလုံးနာပြီး ပုတ်တဲ့ အခါ ဘာဖြစ်လို့ ပေါင်မှာဆေးသွင်းကြည့်ရတာလည်း၊ နှလုံးနဲ့ ပေါင်နဲ့ ဘယ်လို ဆက်စပ်နေတာလည်း။ ဆရာဝန်ကတော့ ခွဲခိုင်းနေတယ် ၊ ခွဲရမလား မခွဲရဘူးလား၊ မခွဲရင် ဘယ်လိုဖြစ်လာနိုင်လည်း။ ခွဲပြီးရင် ပြန်မဖြစ်တော့ဘူးလား။ အစရှိတဲ့ မေးခွန်းများ အတွက် ၊ မသိသေးသူများ သိလိုသူများ အားလုံး သိစေရန် မျှဝေရေးသား မိပါတယ်။ အခြေခံ အကြောင်းအရာများကိုသာ အလွယ်တကူ နားလည်စေလိုတဲ့ အတွက် ၊ ဆေးဘက်ဆိုင်ရာ ပညာရပ်များကို တတ်သိနားလည် ကျွမ်းကျင်ပြီး သူများ အတွက် မရည်ရွယ်ပါ ။

နှလုံးရဲ့  အရေးကြီးပုံ --
နှလုံးရဲ့  အဓိက တာဝန်ကြီးက တော့ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ အောက်စီဂျင်ဓါတ်၊ အဟာရဓါတ်တွေ ကို သွေးသန့်  အနေနဲ့ လိုတဲ့နေရာရောက်အောင် နဲ့ မလိုအပ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်၊ နဲ့ အညစ်အကြေးတွေကို သွေးညစ်အနေနဲ့ စွန့်ထုတ်တဲ့နေရာတွေဆီသို့ သယ်ယူပို့ ဆောင်ပေးနေတဲ့ ယာဉ်ကြီးနဲ့တူပါတယ် ။ အဲဒီယာဉ်ကြီး လည်ပါတ်နိုင်ဖို့  အတွက်လည်း သူ့ အတွက် စွမ်းအင် လောင်စာ အောက်စီဂျင်ဓါတ် လိုအပ်ပါတယ် ။နှလုံးကြွက်သားအတွက် သွေးကြောတွေလည်း အတားအဆီးမရှိလည်ပတ်စီးဆင်းနေမှ ကျန်းမာတဲ့ နှလုံးအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ ကျန်းမာတဲ့ နှလုံး ဖြစ်ဖို့  စည်းချက် မှန်ကန်တဲ့ နှလုံးခုန်ချက်၊ လုံလောက်တဲ့ နှလုံးသွေးညှစ်အား၊ သန့်စင်တဲ့ သွေးပမာဏလုံလောက်မှု အစရှိတာတွေလည်း လိုအပ်ပါတယ်။

တည်ဆောက်ပုံ----
ကြွက်သားထူ အခန်း ၄ ခန်း ရှိပြီး ဘယ်ဘက် ညာဘက် တခြမ်းစီ မှာ အပေါ်အောက် တခန်းစီ ရှိကြတယ်။ အပေါ်ခန်းနဲ့ အောက်ခန်းကို တံခါးဖွင့်ပိတ်သလို အဆို့ ရှင် များနဲ့ ကာရံထားတယ် ။ညာအပေါ်ခန်းမှာ နှလုံး ဆီသို့  ဝင်လာတဲ့ သွေးပြန်ကြောမကြီး နဲ့ ဘယ်အောက်ခန်းမှာ နှလုံးမှ ထွက်သွားတဲ့ သွေးလွှတ်ကြောမကြီး ရှိတယ် ။နှလုံးကြွက်သားများအတွက် အောက်စီဂျင် သယ်ပို့ပေးတဲ့ နှလုံးသွေးကြောမကြီးဟာလည်း ဘယ်အောက်ခန်း အထွက် ဝ နားမှာ ရှိတယ်။


နှလုံး နဲ့ သွေးလှည့်ပါတ်စနစ်။


နှလုံးရဲ့ ဘယ်အောက်ဖက်ခန်းမှ သန့်ရှင်းတဲ့သွေးတွေကို ရင်ခေါင်း နှလုံးသွေးလွှတ်ကြောမကြီးမှ တဆင့် ဦးခေါင်း ခြေ လက် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများသို့  ပို့ဆောင်ပေးပြီး ၊ သွေးညစ်တွေကိုလည်း သွေးပြန်ကြောများမှ အဆင့်ဆင့်ဖြတ်သန်းကာ နှလုံး ညာဖက် အပေါ်ခန်း အောက်ခန်းများသို့ ပြန်လည် စီးဆင်းစေတယ် ။ ထို သွေးညစ်တွေကို အဆုပ်သွေးလွှတ်ကြောမှ တဆင့် အဆုပ်သို့  ပို့ ပေးပြီး သွေးသန့် ဖြစ်အောင် လဲလှယ်စေတယ်။ အဲဒီသွေးသန့် တွေကို အဆုပ်သွေးပြန်ကြောမှ တဆင့် နှလုံး ဘယ်အပေါ်ခန်းသို့  ပြန်ပို့ဆောင်ပေးတယ် ။ အဲဒါကို သွေးလှည့်ပါတ်စနစ်လို့ ခေါ်ပါတယ်။

ပုံမှာပြထာသလို နှလုံးမှ နေပြီ ခန္ဓာကိုယ်တခုလုံးသို့  သွေးသန့် တွေ သယ်တဲ့ လမ်းကြောင်း ( သွေးလွှတ်ကြော- အနီရောင် ချယ်ထားသည် ) နဲ့ သွေးညစ်တွေသယ်တဲ့ လမ်းကြောင်း ( သွေးပြန်ကြော - အပြာရောင်ချယ်) တွေ ရှိပါတယ်။သွားတဲ့ လမ်းကြောင်းတလျှောက် မပိတ်ပဲ မကျဉ်းပဲ ပုံမှန်ရှိနေရင် သွေးလည်ပတ်စီးဆင်းမှု ဟာချောမွေ့ ပြီး အဆင်ပြေနေတာပေါ့ ။ဘာမှ ရောဂါ လက္ခဏာ မပြတတ်ပါဘူး ။ဒီပုံထဲက အတိုင်း ခြေ လက် မှာ ရှိတဲ့ သွေးကြောတွေကနေ တဆင့် လိုက်သွားရင် နှလုံးသားဆီသို့ ရောက်တာ မို့ ၊ နှလုံးအတွင်းမှာ စစ်ဆေးမှု ပြုလုပ်လိုတဲ့အခါ ခြေ လက် သွေးကြောတွေမှာ ပိုက်တပ်ပြီး ဆေးဓါတ်မှန်ရိုက်နိုင်ပါတယ် ။

အကယ်၍ နှလုံးကြွက်သားတွေမှာ သွေးကောင်းကောင်း မလျှောက်၊ သွေးကြောကျဉ်း/ ပိတ် ပြီး အောက်စီဂျင် မလုံလောက်ရင် Myocardial Ischemia လို့ခေါ်ပါတယ်။ ဒီထက် ပို၍ အခြေအနေဆိုးပြီး အောက်စီဂျင်ပြတ်လပ်သွားတဲ့ အချိန်မှာ နှလုံးအောင့် နှလုံးနာခြင်း( Angina) နှလုံးပုပ်ခြင်း ( Myocardial Infarction) အစရှိတာတွေ ဖြစ်လာတတ်ပါတယ် ။အဲဒါကို Heart Attack ရတယ် လို့  အများက ခေါ်ဆို ကြပါတယ် ။ Atherosclerosis လို့ခေါ်တဲ့ နှလုံးသွေးကြော ကျဉ်းစေ ပိတ်စေတဲ့ အကြောင်းတွေ အများကြီးရှိပါတယ် ။ ရေမြောင်းထဲမှာ အမှိုက်တွေ ပိတ်သလိုပဲ နှလုံးသွေးကြောနံရံမှာ အမှိုက်နဲ့ အလားတူတဲ့ အဆီတွေ( အများအားဖြင့် ကိုလက်စထရော (Cholesterol) နဲ့ .ထရိုင်ဂလစ်ဆရိုက် (Triglyceride ) တို့ ကြောင့် ပိတ်ရတာ များပါတယ် ။ ဒီ့အပြင် lipoproteins ခေါ် အဆီဓါတ် ထဲမှ VLDL,LDL အစရှိတဲ့အဆီဟာ ကိုလက်စထရော သွေးအဆီခဲ ခြင်းကို ပိုမိုဖြစ်စေတဲ့ ဆိုးသော အဆီဓါတ်ဖြစ်တယ်။ HDL ဟာ အဆီခဲခြင်းကို လျော့နည်းစေတဲ့ ကောင်းသော အဆီဓါတ် ဖြစ်ပါတယ် တချို့ ကြတော့လည်း thrombus လို့ခေါ်တဲ့ သွေးခဲလေးတွေ ကြောင့် ပိတ်တတ်ပါတယ် ။ ဒါ့အပြင် ဆီးချို ၊ သွေးတိုး၊ ဆေးလိပ်သောက်ခြင်း တို့ကြောင့်လည်း သွေးကြောနံရံ ကျဉ်းပြီး ပိတ်လာတတ်ပါတယ် ။


လူအများ ပြောနေကြတဲ့ Heart attack ဆိုတာ...
နှလုံးကြွက်သားသွေးကြော ရဲ့ ၅၀ မှ ၇၀ % လောက် ကျဉ်းသွား ပိတ်သွားခဲ့ရင် သွေးလျှောက်မှု လည်း နဲပါးလာပြီး လေ့ကျင့်ခန်း သို့မဟုတ် လှူပ်ရှားမှု နဲနဲပြင်းထန်လိုက်တာနဲ့ နှလုံးမှာ လိုအပ်တဲ့အောက်စီဂျင် အပြည့်မရတော့ပဲ ရင်ဘတ်အောင့်လာတတ်ပါတယ် ။ အဲ့ဒီ အောင့်တဲ့ Chest pain ခေါ် Angina မှာလည်း ပုံသဏ္ဍန် အမျိုးမျိုးရှိတတ်ပါတယ်။ ရင်ဘတ်တခုလုံး ပြုတ်တူနဲ့ ဆွဲညှစ်ခံရသလိုမျိုး ၊ ဇောချွေးပြန်တဲ့အထိ အောင့်တတ်ပါတယ် ။ ရင်ဘတ် အပြင် လည်ပင်း မေးရိုး လက်မောင်း ကျောပြင် တို့ မှာပါ တွဲပြီးအောင့်တတ်ပါတယ် ။ တချို့ လည်း အတိအကျ ပြောလို့ မရပဲ အစာအိမ်နာသလိုပုံစံမျိုးနဲ့ နာတတ်ပါတယ်။ နှလုံး သွေးကြောပိတ်တဲ့ နေရာနဲ့ ဆိုင်ပါတယ် ။ တချို့ကျတော့ လည်း အောင့်ခြင်း  နာခြင်းမျိုးမရှိပဲ နဲ့ နှလုံးကြွက်သား ပုပ်သွားတတ်ပါတယ် ။

အမေရိကန်နိုင်ငံမှာ တနှစ်မှာ လူ တသန်းလောက် Heart Attack ရတတ်ကြပြီး ၄ သောင်းလောက် အသက်ဆုံးရှုံးကြရပါတယ် ။ ဒါကြောင့် နှလုံးရောဂါ ထ လာရင် ပေါ့ပေါ့ဆဆ မနေပဲ ကုသမှု ခံယူသင့်ပါတယ် ။ နှလုံးသွေးကြောမှာ ကျဉ်းပြီး ပိတ်ပြီး သွေးမလျှောက်ပါက မိနစ် ၂၀ မှ ၄၀ မိနစ် အတွင်း သွေးပြန်လျှောက်အောင် ပြုလုပ်ပေးရပါမယ် ။ မပြုလုပ်နိုင်ပါက နှလုံးကြွက်သားပုပ်ခြင်း စတင်ဖြစ်လာနိုင်ပါတယ် ။ ဒီထက်ကြာကြာအချိန်ဆွဲ ထားရင်တော့ ၆ နာရီမှ ၈ နာရီ ကြာသွားပါက သွေးမလျှောက်တဲ့ နေရာမှ နှလုံးကြွက်သားများ လုံးဝ အပြီးတိုင် ပုပ်သွားပြီ ဖြစ်ပါတယ် ။ ပြန်မကောင်းနိုင်တော့ပါ ။ ထိုနေရာရှိ ကြွက်သားများမှာ အနာရွတ်ဖြစ်ကျန်ခဲ့မှာ ဖြစ်ပြီး aneurysm ကြွက်သားပွလာကာ နောင်တချိန်တွင် ပေါက်ထွက်သွားနိုင်ပါတယ် ။


သင် သို့မဟုတ် သင့် အိမ်သား မိတ်ဆွေ များ၊ ရုတ်တရက် နှလုံး အောင့်လာပြီဆိုပါတာ့ ဘာလုပ်နိုင်မလည်း ။
-လေဝင်ထွက် ကောင်းတဲ့နေရာမှာ ငြိမ်သက်စွာ အနားယူရပါမယ် ။ တင်းကျပ်နေသော အဝတ်အစားများကို ဖြေလျှော့ပေးပါ ။
-အလွန်အမင်းနာနေပါက နှလုံးသွေးကြောချဲ့တဲ့ ငုံဆေး ( Nitroglycerine ,NTG ,Nitrostat) အစရှိတာကို လျှာအောက်မှာ ထားပြီး ငုံပေး ရပါမယ် ။ ဒီငုံဆေးကိုလည်း တကြိမ်မှာ အများကြီး မငုံသင့်ပါဘူး ။ သွေးပေါင်ကျစေနိုင်ပါတယ်။ အထူးသတိပြုရန် -ငုံဆေးကို မိမိဘာသာ တကြိမ်လျှင် တပြားနှုန်းဖြင့် ၃ကြိမ်ထက် ပိုပြီး အသုံးမပြူသင့်ပါ ။
ငုံဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေမှာ ခေါင်းကိုက်၊ခေါင်းမူး၊ ပူရှိန်း( flushing)၊ ပျို့ အန် ခြင်း အစရှိသဖြင့် ၊ အလွန်ဆိုးဝါးပါက သတိလစ်ခြင်း။ ဆေးမတည့်လျှင်အနီကွက်ထွက် ယားယံ ခြင်း စသဖြင့် ။
-၅ မိနစ်မျှခြားပြီး တတိယ အကြိမ် ဆေးငုံပြီးပေမဲ့ ရင်ဘတ်အောင့်တာ မသက်သာရင်တော့ ဆေးခန်း ဆေးရုံ သို့  အမြန်သွားပြီး ကျွမ်းကျင်သူ ဆရာဝန်များ၏ စမ်းသပ် ကုသ မှုကို ခံယူသင့်ပါတယ် ။

ဘာတွေကို ဘယ်လို စမ်းသပ်စစ်ဆေး မလည်း။-------

ရင်ဘတ်အောင့်လို့ ဆေးရုံ ဆေးခန်းသွားတဲ့ အခါ ၊ ရှိနေတဲ့ ပစ္စည်းကရိယာ ပေါ်မူတည်ပြီး စမ်းသပ်ပေးနိုင်တာ အဆင့်ဆင့်ရှိပါတယ် ။ အဲဒါတွေကတော့ -
၁- ECG ( EKG ) - ဂရပ်လိုင်းများ ဆွဲကြည့်ပြီး နှလုံးကြွက်သား အောက်စီဂျင် ပြတ်လပ်မှု ရှိ မရှိ ၊ နှလုံးပုပ်ခြင်း ရှိ မရှိ ကို ခန့်မှန်းနိုင်ပါတယ်။
၂- Cardiac Enzyme ( CPK< LDH,CK-MB , Troponin Test စသဖြင့် သွေးဖေါက်ပြီး စမ်းသပ်လို့ ရပါတယ် ။နာရီပိုင်း အလိုက် ပြောင်းလဲ မှု တွေ ကြည့်ပြီးအမှန်တကယ် နှလုံးကြွက်သား အောက်စီဂျင် ပြတ်မှု ရှိ မရှိ။ ရောဂါ ပြင်းထန်မှု ၊ အသုံးပြုတဲ့ ဆေးကို တုန့်ပြန်မှု ကောင်း မကောင်း သိနိုင်ပါတယ်) ။
၃-Cardiac Echo - ultrasound နဲ့ အလားတူပါတယ် ။ နှလုံးကြွက်သားပုပ်တဲ့နေရာကို တွေ့ နိုင်ပါတယ်။
၎--angiogram ဆေးဓါတ်မှန်ရိုက်ပြီး နေရာအတိအကျ နဲ့ ပြင်းထန်မှုကို သိနိုင်တယ်။
ပေါင်ရင်း သို့မဟုတ် လက်မောင်း သွေးကြော မှ တဆင့် ဆေးထိုးပြီး နောက် နှလုံးအား ဗွီဒီယိုမှန်သားဓါတ်မှန်ရိုက်ကြည့်ပါက နှလုံးသွေးကြော ပိတ်မှု အခြေအနေကိုတိကျစွာ သိနိုင်ပါတယ် ။(Cardiac Catheterization )လို့ခေါ်ပါတယ်၊

-ကျဉ်း၍ ပိတ်နေ တဲ့ သွေးကြော အား ချဲ့ ပြီး stent ခေါ် ဇကာပိုက်ပြွန် ထဲ့ခြင်း ပုံ

။ နှလုံး သွေးကြောကျဉ်းခြင်း / ကြွက်သားပုပ်ခြင်းတို့  ဖြစ်ပြီ ဆိုပါက ဆက်လက်၍ လုပ်ဆောင် ကုသရာတွင်
- နှလုံးသွေးကြောချဲ့သော ဆေးများဖြင့်ကုသခြင်း အပြင် ၊
-CoronaryAngiogram and Stenting လို့ခေါ်တဲ့ ၊ကျဉ်းနေတဲ့နှလုံး သွေးကြောများကို ဘောလုံးငယ်ဖြင့် ပြန်ချဲ့ခြင်း ၊ ပိတ်နေတဲ့နေရာကို ပြန်ပွင့်အောင် လုပ်ပြီး ပြန်ပိတ် မသွားအောင် ဝါယာမျှင် ဇကာကွက်ပါတဲ့ ပြွန်ချောင်းလေး ထဲ့သွင်းထားခြင်း၊ အစရှိတဲ့ ကုသမှုမျိုး ပြုလုပ်ပေးနိုင်တယ် ။ ဒီနေရာမှာဗီဒီယို ကလစ် ကြည့်နိုင်ပါတယ်
ဒီနည်းလမ်းက ပိုမို လွယ်ကု အဆင်ပြေပါတယ်။ အသက်အရွယ် အလွန်ကြီးသောသူများ အတွက် ဒီနည်းကို ပိုပြီး အသုံးပြုကြပါတယ်။
၅-Atherectomy - ပိတ်နေတဲ့ ဂျီး( အဆီဖတ် ၊ ထုံးဓါတ်ဖတ် များကို ခွာချ ဆေးကြော နိုင်တယ်။

တချို့  ပြင်းထန်သော သွေးကြောပိတ်/ကျဉ်း မှု များ မှာ အထက်ပါနည်းတွေ နဲ့ ကုသလို့ မရတော့လျှင် ရင်ခေါင်း ကိုခွဲပြီး နှလုံးသွေးကြောလမ်းလွှဲရန်၊ အခြား နေရာမှ သွေးကြောများဖြင့် အစားထိုးခွဲစိတ်ကုသခြင်း (Coronary Artery Bypass Graft Surgery (Heart Bypass Surgery, CABG ) ကို ပြုလုပ်နိုင်ပါတယ် ။ များသောအားဖြင့်တော့ လူနာရဲ့ ပေါင် သို့ မဟုတ် ခြေသလုံး သွေးပြန်ကြော တစိတ်တပိုင်းဖြင့် အစားထိုးပါတယ်။ ခွဲစိတ်မှု အကြီးစား ဖြစ်တဲ့အတွက် အသက်အရွယ်အလွန်ကြီးနေသူများအတွက် အဆိုပါနည်းကို အသုံးပြုခြင်း သိပ်မရှိကြတော့ပါ ။

အချိန်မှီ စစ်ဆေး ကုသမှု များဖြင့် သက်သာနိုင်ပေမဲ့ ကံအကြောင်းမလှ သူများ အဖို့တော့ အသက်ဆုံးရှုံးရမှုတွေလည်း ရှိပါတယ် ။ ဒါကြောင့် ကာကွယ်ခြင်းသည် ကုသမှုထက် ပိုကောင်း၏ ဆိုတဲ့ အဆိုကို လက်ကိုင်ထားရင် အချိန်ကုန် ငွေကုန် လူပင်ပန်းခြင်းတို့မှ သက်သာစေမှာမို့ ကာကွယ်ခြင်း ကို အလေးထားသင့်ပါတယ်။
ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှောင်ရှား နိုင်ရင် ကာကွယ်နိုင်ပြီပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ရှောင်သင့် ဆောင်သင့်တဲ့အချက်တွေ ကို ကြည့်လိုက်ရအောင် ။

-အဆီဓါတ်( ဆိုးတဲ့ ကိုလက်စထရော LDL ,VLDL၊ ထရိုင်ဂလစ်ဆရိုက်) များပြားတဲ့ အစားအစာကို ရှောင်ပါ -ဥပမာ ဂျုံ သကြားဓါတ်များသော အဆီအဆိမ့် အချို များ။ ပြည့်ဝဆီများသော- နို့ နှင့်နို့ ထွက်ပစ္စည်းများ ။တိရစ္ဆာန် အဆီများ။
-ကောင်းတဲ့ ကိုလက်စထရော (HDL) များတဲ့ အစာများ ရွေးချယ်စားသုံးပါ ။ HDLကြွယ်ဝတဲ့ အစာများ ဥပမာ -
သံလွင်ဆီ( Olive Oil)၊ canola oil and grapeseed oil ။ အိုမီဂါ ၃ ဓါတ် ပါတဲ့ ငါးအဆီများ ။ သစ်အယ်သီး သစ်ချသီး သစ်ကြားသီး အစရှိတဲ့ အခွံမာ အစေ့များ။ မုယော Oatmeal နဲ့ အမျှင်များသော အစားအစာများ၊ ဟင်းသီးဟင်းရွက်စိမ်း ၊ ပဲ ၊အရည်ရွှမ်းသစ်သီးများ ကို ရွေးချယ်စားသုံးပါ
-ဆေးလိပ် အရက် ကို ရှောင်ပါ ။
-ဆီးချို ၊ သွေးတိုး ကို ထိန်းပါ ။
-အားကစား လေ့ကျင့်ခန်း ကိုယ်လက်လှုပ်ရှားမှု များ အချိန်မှန် လုပ်ပါ ။စိတ်တည်ငြိမ်မှု ရအောင် ။ စိတ်ဖိစီးမှူ နဲအောင် ကျင့်ပါ ။

ဒါဆိုရင် အသက်လည်းရှည် အနာလည်းကင်း ငွေကုန်လည်းသက်သာစေမှာ ဖြစ်ပါတယ် ။

စကားချပ်။ ။ Coronary angioplasty and stents ပိုက်ထဲ့ပြီးကုသဖို့ အတွက် ကျပ်ငွေ ၂၅ သိန်းမှ သိန်း ၃၀ မျှ ကုန်ကျမှာ ဖြစ်ပါတယ် ။( ပြည်ပတွင် သွားရောက် ကုသမယ်ဆိုရင် ဒီထက်မကပဲ သိန်းရာကျော် ကုန်ကျမည် ဟု ပြောဆိုသံကြားရပါတယ်။) ။ ဖြစ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးများကို မခွဲစိပ်မှီ ဆရာဝန် ထံ သေချာ မေးမြန်း စုံစမ်းပါဟု လည်း အကြံပေးလိုပါတယ် ။

Ref:
http://www.innerbody.com/image/cardov.html
http://www.medicinenet.com/cardiac_catheterization/article.htm
http://emedicine.medscape.com/article/155919-overview#a0101
http://www.ehow.com/list_6021848_foods-rich-hdl.html
မှတ်ချက်ကိကိ ဘလော့မှ ဗဟုသုတ အဖြစ်ယူလာတာပါ

ဗိုက်ပြဿနာ ဘယ်လိုရှာ.....

ခန္ဓာကိုယ်တခုမှာ ဘယ်အင်္ဂါ က အရေးအကြီးဆုံးလည်း ။ ရှိရှိ သမျှ အင်္ဂါတွေအားလုံး သူ့ နေရာနဲ့သူ အရေးကြီးကြတာချည်းပါပဲ ။ ဦးနှောက်အာရုံကြောတွေ၊ သွေးလှည့်ပါတ်တဲ့စနစ် မှ နှလုံးနဲ့ သွေးကြောတွေ၊ အသက်ရှုလမ်းကြောင်း အတွက် အဆုပ်နဲ့လေပြွန်တွေ ။ အစာခြေလမ်းကြောင်းအတွက် ပါးစပ်မှ စပြီး စအိုဝ အထိအစာအိမ် အူ၊အသည်း၊ သည်းခြေ ၊ အညစ်အကြေး အဆိပ်အတောက်တွေ စွန့်ပစ်ဖို့ ကျောက်ကပ် ဆီးလမ်းကြောင်း၊ အားလုံး အရေးကြီးကြပါတယ်။ ရောဂါတခုခု ဖြစ်လာရင် ဘာရောဂါ ဖြစ်မှန်းသိရအောင် ကိုယ်ခန္ဓာမှ ပုံသဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်ုပ်တို့ ကို အကြောင်းကြားပါတယ် ။ အဲ့ဒါတွေကို ရောဂါ လက္ခဏာ လို့ (Sign & Symptom) ခေါ်ပါတယ်။ ဥပမာ ဗိုက်အောင့်တယ်၊ ခေါင်းကိုက်တယ် ၊ ခေါင်းမူးတယ်၊ ရင်ဘတ်အောင့်တယ်၊ရင်တုန်တယ်၊ အန်တယ်။ ဝမ်းလျှောတယ်။ ဆီးကျင်တယ် စသဖြင့်ပေါ့ ။အဲ့ဒီအခါကျ ခေါင်းမူးရင် ဘယ်လိုပုံနဲ့ မူးရင် ဘာရောဂါကြောင့်ဖြစ်နိုင်တယ်၊ရင်ဘတ် ဘယ်နေရာမှာအောင့်ရင်ဘယ်လိုအောင့်ရင်ဘာရောဂါဖြစ်နိုင်တယ် ဆိုတာ အကြမ်းဖျင်း သိနိုင်ပါတယ်။ အတိအကျ သိဖို့ရာကတော့ ကျွမ်းကျင်သူပညာရှင်များမှ ဆက်ပြီးရောဂါ ရှာဖွေစစ်ဆေး ပေးလို့ ရပါတယ် ။ခု ပြောပြချင်တာကတော့ ဗိုက် ပြသနာ များ ပါပဲ ။

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုတဲ့ စကားအတိုင်း ဝမ်းဗိုက်ပြသနာ ရှိနေခဲ့ရင် ခေါင်း အထိအောင် ပြသနာ ဖြစ်လာတတ်ပါတယ် ။ ခေါင်းကိုက် ခေါင်းခဲ ခေါင်းမကြည်မလင်နဲ့ နေရထိုင်ရတာ မသက်သာလှပါဘူး။
လူတိုင်း ဗိုက်အောင့် ဗိုက်နာဖူးကြမှာပါ ။ အနည်းဆုံး ကတော့ ဝမ်းသွားချင်တဲ့ အခါမျိုးမှာ ဗိုက် နဲနဲ ရစ် တာမျိုးလောက်တော့ ခံစားဖူးကြမှာပါ ။ဗိုက်နာတဲ့ အတိုင်းအဆ ပြင်းထန်မှု၊ နာကျင်ပုံ နာကျင်နည်း၊ နာတဲ့နေရာ ။သူနဲ့တွဲဖက်ပြီး ပြတတ်တဲ့ တခြား လက္ခဏာများကိုကြည့်ပြီး သူ့ မှာ ဘာရောဂါ ဖြစ်နိုင်ချေရှိသလည်း ဆို တာကို မှန်းဆလို့ ရပါတယ် ။
ခု ဒီအကြောင်းပြောပြချင်တာကတော့ ကိုယ့်ဟာကိုယ် ရောဂါရှာပြီး ကိုယ့်ဟာကိုယ် ကုသဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး ။ သာမာန်ဗဟုသုတမျိုး အနေနဲ့ ကိုယ့်ခန္ဓာကိုယ် ရဲ့  ဘယ်နေရာမှာ ဘာအင်္ဂါ အစိတ်အပိုင်းတွေ ရှိသလည်း ဆိုတာသိထားရင် အနည်းဆုံးတော့ မိမိမှာ ဘယ်လိုရောဂါ ဖြစ်နိုင်လိမ့်မလည်းလို့ အချိန်မဆွဲပဲ သိနိုင်အောင်ပါ ။

ဒီတော့ ဗိုက်နဲ့ပါတ်သက်ပြီး တည်နေရာ အနေအထား နဲ့ သူ့ အတွင်းဖက်က အစိပ်အပိုင်းတွေကို လွယ်လွယ် သိရအောင် ဗိုက်တပြင်ကို အကွက် ၄ ကွက် အကြမ်းဖျင်း ခွဲခြား သတ်မှတ်ထားပါတယ်။ ပုံမှာပြထားသလို အပေါ်၊ အောက်၊ ဘယ်၊ ညာ ဆိုပြီး ခွဲထားတဲ့အတွက် Left Upper Quadrant (LUQ), Left Lower Quadrant (LLQ), Right Upper Quadrant (RUQ), and Right Lower Quadrant (RLQ).လို့ ရေးသားကြပါတယ် ။
ပိုပြီး တိကျ အောင်ဖေါ်ပြလိုရင်တော့ အကွက် ၉ ကွက် ဖေါ်ပြကြပါတယ်။


ဗိုက်သားပြင်ရဲ့ အတွင်းဖက်ကိုယ်တွင်းခေါင်းမှာ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓိကအားဖြင့် ဒီလို ခွဲခြားထားပါတယ်။
၁-အစာခြေဖျက်ခြင်းနဲ့ဆိုင်တဲ့-အစာမြိုရေမြိုပြွန်ရဲ့  အောက်ဆုံးအပိုင်း(the end of the esophagus),အစာအိမ်( stomach), အူသိမ်နှင့်အူမကြီး (small and large intestines), အသည်း (liver), သည်းခြေ(gallbladder),မုန့်ချိုအိတ် ခေါ် သရက်ရွက်( pancreas)။
၂-ဝမ်းဗိုက်အတွက် နှလုံးသွေးလွှတ်ကြောမကြီးနှင့်သွေးကြောများ(The abdominal aorta)။
၃-အူအတက်(The appendix)- အူသိမ်အဆုံးပိုင်း နှင့် အူမကြီးအစပိုင်း ဆက်သွယ်ရာ နေရာမှာ ရှိပြီး အရေးကြီး လုပ်ငန်းတာဝန် မရှိ။
၎-ကျောက်ကပ် နှစ်လုံး( The kidneys) ဘယ် ညာ နှစ်ဖက် ၊ ဝမ်းဗိုက်ရဲ့ နောက်ဖက် အတွင်းပိုင်းတွင် ပဲစေ့ပုံသဏ္ဍန်ရှိပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက် အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ် နိုင်အောင် ဆောင်ရွက်ပေး ပါတယ်။
၅-ဘေလုံး ( spleen) ဗိုက်ရဲ့ ဘယ်ဖက် အပေါ်အနောက်ဖက်နေရာမှာ တည်ရှိပြီး ရောဂါပိုးတိုက်ဖျက်ရေး နဲ့ သွေးလှည့်ပတ်ရေးအတွက် တာဝန်ရှိပါတယ်။


အဲ့ဒီ အင်္ဂါ အစိပ်အပိုင်းတွေမှာ ပြသနာ တခုခု ဖြစ်လာရင် သူနဲ့ ဆိုင်တဲ့ နေရာမှာ နာတတ်တယ် အောင့်တတ်တယ် ။ ဗိုက်နာတယ် ဆိုရင် နာတဲ့နေရာ( location of pain) နဲ့ နာပုံနာနည်း (Type of pain) -( အောင့်ပြီးနာသလား ၊ တပြင်လုံး နာသလား၊ တနေရာတည်း စူးပြီးနာသလား၊ ရစ်ပြီးနာသလား) ။onset of pain ( ရုတ်တရက် နာသလား၊ ရက်ရှည်နာနေတာလား Acute or Chronic) စတာ တွေဟာ ရောဂါရှာဖွေသတ်မှတ်ရေး( Diagnosis )အတွက် အရေးကြီးပါတယ်။

အခု ပြောချင်တာကတော့ ရုတ်တရက် ဗိုက်နာခြင်း (Acute Abdominal Pain) အကြောင်းပါ။
တခါတလေလည်း ဝမ်းဗိုက်ကြီးက မျက်လှည့် ပြတတ်ပါသေးတယ် ။ အခု ဒီနေရာမှာ စ အောင့် နေပေမဲ့ ခန ကြာတော့ နေရာပြောင်းသွားတတ်တာ လည်းရှိပါတယ် ။ ဥပမာ - အူအတက်ယောင်လို့  ဗိုက်နာတယ်ဆိုရင် သူက RLQ မှာရှိနေပေမဲ့ စစချင်းမှာ အစာအိမ် အောင့်သလို မျိုးနဲ့ ခပ်ဆင်ဆင် နာပြတတ်ပါတယ် ။ ရင်ညွန့် မှ စအောင့်ပြီး နာရီ အနည်းငယ်အတွင်း ဒါမှမဟုတ် ရက် အနည်းငယ် ၁ ရက် ၂ ရက်လောက်ကြာမှ သူရှိနေတဲ့ ညာဘက် အောက်ပိုင်း ကို ရွှေ့ ပြီး နေရာမှန် မှာ နာလာတတ်ပါတယ်။ အဲလို နာတာ အပြင် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်အပူချိန် အနည်းငယ်တက်ခြင်း စတဲ့ လက္ခဏာတွေပါ ရှိနိုင်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဗိုက်အောင့်ခြင်းမျိုး (Acute Abdomen )ဆိုရင် အနီးကပ် စောင့်ကြည့်ခြင်း ( close Observation) က အရေးကြီးပါတယ်။ အဲ့လို စောင့်ကြည့်နေစဉ်မှာ လူနာကို ဘာ အစားအစာ၊ ရေ ၊ မျှ မပေးရပါဘူး ။ တကယ်လို့  အူအတက်ယောင်တာကြောင့် နာတာဆိုရင် အချိန်မရွေး ခွဲစိပ်ကုသဖို့ လိုအပ်တာမို့ ၊ အန္တရာယ် ကင်းစွာ မေ့ဆေးပေးလို့  ရအောင် ပါ။



အလားတူစွာ Refer Pain များရှိတတ်တဲ့ ရောဂါများလည်း ရှိပါသေးတယ် ။ ဥပမာ နှလုံးကြွက်သားသွေးမလုံလောက်လို့ ရင်ဘတ် အောင့်တဲ့ အခါ ၊တခါတလေကျရင် ဘယ်ဘက် ပုခုံး နဲ့ မေးရိုး လည်ပင်း နေရာများမှာလည်း အောင့်နေတတ်ပါတယ်။ အဲ့ဒါတွေက ဘာကြောင့်ဖြစ်ရသလည်း ဆိုတော့ ဒီ အင်္ဂါအစိတ်အပိုင်း နှစ်ခုစလုံးအတွက် ထောက်ပံ့ထားတဲ့ အာရုံကြောက တခုထဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။

အဲဒီ အထဲမှာ အများဆုံး နာတတ် အောင့်တတ်ကြတာ တွေကတော့
-Epigastric ရင်ခေါင်းရင်ညွန့် နေရာမှာဆိုရင် အများအားဖြင့် - အစာအိမ်(Gastritis) ၊ အူသိမ်ဦးပိုင်းယောင်ယမ်းခြင်း(Duodenitis)၊ အနာပေါက်ခြင်း(ulcer) သည်းခြေပြွန်ယောင်ယမ်းခြင်း (Cholecystitis Cholangitis) ၊ အသည်းယောင်ခြင်း(Hepatitis)၊ သရက်ရွက် ယောင်ခြင်း (Pancreatitis) ၊ သွေးယိုခြင်း စသဖြင့်။
တချို့ ဖြစ်နိုင်ခြေရှိတာတွေကတော့ -နှလုံးကြွက်သား အမြှေးပါးယောင်ခြင်း(Pericarditis Myocardial Infarct)၊ အဆုပ် ၊ အမြှေးပါးယောင်ခြင်း (Pneumonia, Pleurisy ,Pneomothorax)၊ရင်အုပ်နဲ့ ဝမ်းတွင်းခေါင်းခြားထားတဲ့အရွတ်ပြားအောက်တွင်ပြည်တည်ခြင်း (Subphrenic abscess)၊ ရင်ခေါင်းနှင့် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး အလွှာကွာပြီး ဖေါင်းထွက်လာခြင်း( Dissecting aneurysm) စသဖြင့် ..

- RUQ ညာဘက် အပေါ်မှာအောင့်ရင် ဖြစ်တတ်တာတွေက- အသည်း ယောင်ခြင်း သည်းခြေအိတ် ကျောက်တည်ခြင်း ယောင်ခြင်း စသဖြင့်။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ - ကျောက်ကပ်ယောင်ခြင်း ၊ ညာဖက် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း။ညာဖက် အဆုပ် နဲ့ အမြှေးပါး ယောင်ခြင်း ။ နှလုံးကြောင့် အောင့်ခြင်း တို့ လည်း ဖြစ်နိုင်ပါတယ်။

- LUQ ဘယ်ဘက် အပေါ်မှာ အောင့်ခဲ့ရင် ။ Stomach -အစာအိမ်ယောင်ခြင်း အနာဖြစ်ခြင်း ကြောင့် အဖြစ်များပါတယ်။ ၊Pancreas မုန့်ချိုအိတ်( သရက်ရွက် ) ယောင်ခြင်း ကျောက်တည်ခြင်းသွေးယိုခြင်း၊ Spleen ဘေလုံးကြီးခြင်း၊ပေါက်ခြင်း၊ ပုတ်ခြင်း၊ Left Kidney ဘယ်ဖက် ကျောက်ကပ်ယောင်ခြင်း၊ ကျောက်တည်ခြင်း၊ Lt Pleurisy , Pneumonia ဘယ်ဖက် အဆုပ်နဲ့ အမြှေးပါးယောင်ခြင်း စတာတွေ ကြောင့်ဖြစ်နိုင်ပါတယ် ။ ထိခိုက်ဒါဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဝမ်းချုပ်တတ်သူများ အတွက် စဉ်းစားစရာကတော့ အူမကြီး အတွင်း စမြင်းတုံးများတစ်ဆို့ ခြင်း များလာရင် ဘယ်ဖက် ဝမ်းပိုက် အပေါ်နဲ့အောက်ပိုင်းတို့ မှာလည်း အောင့်တတ်ပါတယ်။

- RLQ ညာဘက်အောက် မှာ ဖြစ်တတ်တာတွေက - အူအတက်ယောင်ခြင်း၊ ပေါက်ခြင်း ။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ -ဆီးလမ်းကြောင်း ကျောက်တည်ခြင်း -(ခါးနောက်ဖက်ပိုင်းမှ ရှေ့ အောက်ဖက်သို့ ထိုးဆင်းပြီး အောင့်တတ်တယ် )။ အူကျခြင်း Hernia စသဖြင့်။

- ဆီးစပ်အထက် Suprapubic နေရာမှာ အောင့်နိုင်တာတွေက အူမကြီး နောက်ဆုံးအပိုင်း ပိတ်ဆို့ ခြင်း ယောင်ခြင်း၊ အူအတက် ယောင်ခြင်း ၊ ဆီးအိမ် ယောင်ခြင်း၊ အမျိုးသမီးများအတွက် မျိုးဥအိမ်၊ ဥပြွန်၊သားအိမ် ယောင်ခြင်း ၊ ပေါက်ခြင်း၊နေရာမှားပြီး သန္ဓေတည်ခြင်း ၊ ရာသီလာ၍ အောင့်ခြင်း။

- Periumbilicus ချက်ပတ်လည်နေရာ မှာ အောင့်စေတာတွေက အူသိမ် ပိတ်ဆို့  ယောင်ယမ်း ပုတ်ခြင်း၊ မုန့်ချိုအိတ်ယောင်ခြင်း၊ အူရှိသွေးကြောများ ပိတ်ဆို့ခြင်း mesenteric thrombosis , dissecting aortic aneyrysm ၊ တို့ကြောင့် ဖြစ် တတ်ပြီး ၊ အူ အတက် ယောင်ခြင်းရဲ့ ဦးစွာ အချိန်မှာ လည်း ဒီနေရာမှာအောင့်တတ်ပါတယ်။

- LLQ ဘယ်ဘက် အောက်မှာ အောင့်ရင်- စဉ်းစားရမှာတွေကတော့ အူယောင်ခြင်း၊ အူ ပိတ်ဆို့ ခြင်း ဥပမာ စမြင်းတုံး၊ အလုံးအကြိတ် ၊ အနာပေါက်ခြင်း၊ အူကျခြင်း၊ ဘယ်ဘက် ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း၊

အမျိုးသမီးများအတွက်ကတော့ ဘယ်ဖက် သို့မဟုတ်ညာဖက် အောက်ပိုင်းမှာနာရင်- မျိုးဥအိမ် ovary နဲ့ ဥပြွန် Fallopian tube မှာ ဖြစ်တတ်တဲ့ ယောင်ခြင်း၊အရည်အိတ်တည်ခြင်း ။ ပေါက်ထွက်ခြင်း ၊ ဥပြွန်မှာ သန္ဓေတည်ခြင်း ( Ectopic/Tubal pregnancy) ၊သားအိမ်ယောင်ခြင်း တို့လည်းဖြစ်နိုင်ခြေ ရှိကြောင်း ကို မမေ့သင့်ပါဘူး ။


တခါက ကြုံခဲ့ဖူးပါတယ် ။ အမျိုး သမီး တယောက် ဗိုက်အောင့်တယ်၊ အောင့်တဲ့နေရာက ဝမ်းဗိုက် အောက်ဖက်ပိုင်းမှာ ၊ သူက ဝမ်းတွင်း ကလီစာတွေ ဘယ်နေရာမှာ ဘာရှိမှန်းမသိ တော့ အစာအိမ်အောင့်တယ် လို့ ယူဆပြီး သူ့ ဟာသူ ပဲ အစာအိမ် လေထိုးလေနာပျောက်ဆေးတွေ သောက်ပါတယ်။ ၃ ရက် ကြာသွားတယ် ။မသက်သာဘူးပေါ့။ ဒီလို နဲ့ပဲ ဗိုက်ကြီးတပြင်လုံး မာတောင့်တောင့် နဲ့ မခံမရပ်နိုင်အောင် ဖြစ်ပြီး shock ရလာတော့ မှ ဆေးရုံ ရောက်လာတယ် ။ ကြည့်လိုက်တော့ ဝမ်းဗိုက်ခေါင်းထဲမှာ သွေးထွက်နေတဲ့ လက္ခဏာတွေပြလာလို့  အရေးပေါ် ခွဲစိတ်လိုက်ရတယ် ။ဖြစ်ရပုံကတော့ မျိုးဥပြွန်ဝ မှာ သန္ဓေတည်ခြင်းဖြစ် ပြီး ပေါက်သွားလို့  သွေးထွက်တာ ဖြစ်နေတယ်။ သူသာတကယ်လို့  common sense ရှိရင် သူ့ ဟာသူ ဘာဖြစ်နိုင်သလည်း ဆိုတာ တွက်ဆလို့ ရပါတယ်။ဒါဆိုရင် လိုအပ်မှန်ကန်တဲ့ ကုသမှုများ စောစောစီးစီးရယူနိုင်ပါတယ်။

ဒီလိုမျိုး ဗိုက်အောင့်တာဟာ ဝမ်းခေါင်းအတွင်းမှာ ရှိတဲ့ ကလီစာ အများကြီးထဲမှာ ဘယ်နေရာ ကစပြီး ပြသနာဖြစ်တာလည်း ဆိုတာကို တခါတရံတော့လည်း သေချာအတိအကျ အဖြေ မရှာနိုင်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဝမ်းတွင်းခေါင်း အမြှေးပါးယောင်ယမ်းပြီး Peritonitis ဗိုက်တပြင်လုံးဂျပ်ခဲကြီးဖြစ်နေတတ်တာမျိုး ၊ ဘာကြောင့်မှန်းသေချာ မသိပဲ သွေးဆိပ်တက် တဲ့ အခြေအနေမျိုးဆိုရင် Laparotomy & proceed ဆိုပြီး ဗိုက်ကို အရင်ခွဲပြီးမှ ရောဂါရှာကုသ ရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

နောက်ဆုံးပြောပြလိုတာကတော့ ဗိုက်နာတာ ကို ပေါ့ပေါ့နေပြီး ဆေးမြီးတိုနဲ့ အချိန်ဆွဲကုသမနေသင့်ပါဘူး။ နာနေတဲ့ ဗိုက်ကို နင်းနှိပ်ခြင်းမပြုသင့်ပါဘူး။ အစာအိမ်ယောင်ခြင်းကြောင့်အောင့် နေတာကို အကိုက်အခဲပျောက်ဆေးများ မစားသုံးသင့်ပါဘူး ။ ပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။တတ်ကျွမ်းတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်များဆီ အချိန်မှီပြသပြီး အောင့်ရတဲ့ အကြောင်းရင်းကို စောစောစီးစီးရှာဖွေကုသသင့်ပါတယ် ။

ပုံများကို ဒီနေရာ များမှ ယူပါတယ်။

ကျန်းမာ ရွှင်လန်းကြပါစေ။